HWH ဥုံ For Android / Windows

Saturday, March 1, 2014

White card ကိုင်ဆောင်သူများမဲပေးခွင့်မပြုရန် စစ်တွေတွင်ဆန္ဒဖေါ်ထုတ်

နိုင်ငံသားစိစစ်ရေးကဒ်ပြားမဟုတ်သော အဖြူရောင်  White card (၀ိုက်ကဒ်) ကိုင်ဆောင်သူများအား ရွေးကောက်ခံပိုင်ခွင့်နှင့် မဲပေးခွင့်မပြုရန် လူအင်အား ၃၀၀၀ ခန့်က စစ်တွေမြို့၌ ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ဆန္ဒဖေါ်ထုတ် ချီတက်တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
ယင်းဆန္ဒထုတ်ဖော်ပွဲကို ယနေ့နေလည် ၁ နာရီတွင် စတင်ခဲ့ပြီး ဆရာတော် ဦးဥတ္တမပန်းခြံမှ မြို့လယ်ရှိ ၀င်္ကဘာကွင်းသို့ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
white card protester
ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ရခြင်းမှာ ၂၀၁၅ ခုနှစ်တွင် အဖြူရောင် White Card ကိုင်ဆောင်ထားသူများကို မဲပေးခွင့်နှင့် လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ခံပိုင်ခွင့်မပြုနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးဆောင်သူ ရခိုင်အမျိုးသမီးကွန်ယက်မှ ဒေါ်ညိုအေးက ပြောသည်။
သူမက“ White card ကိုင်ဆောင်ထားတဲ့ တရားမ၀င်နေထိုင်သူတွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးချယ်ခံခွင့် နဲ့ မဲပေးခွင့်မပြုဖို့၊ ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေကို လွတ်တော်က အမြန်ဆုံးအကောင်အထည်ဖော်ပြီး ဆောင်ရွက် ပေးဖို့စတဲ့ အချက်တွေအပါအ၀င် အချက် ၇ချက်နဲ့ တောင်းဆို ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဆန္ဒထုတ်ဖော်သူများ တောင်းဆိုသော အခြား အချက် (၅) ချက်တွင် ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များကို ခေတ်မီလက်နက်များ အစာထိုး တပ်ဆင်ပေးရန်၊  ဒေသခံပြည်သူများ လုံခြုံရေးကို တာဝန်ယူရန်၊ အဖြူရောင် ကဒ်များ တရားမ၀င်ကြောင်း အစိုးရမှကျေညာရန်၊ Ngo အဖွဲ့များဖြစ်သည့် AZG (MSF) ၇ ရက် အတွင်း ဒေသအတွင်းမှထွက်ခွာသွားရန် စသည့် အချက်များပါဝင်သည်ဟု သူမက ဆိုသည်။
ရခိုင်လူမှုကွန်ယက်အပြင် အခြားလူမှုအဖွဲ့အစည်းများနှင့် မြို့သူ မြို့သားများ ပူးပေါင်းပြုလုပ်ခဲ့သည့် ဆန္ဒပြသူများသည် ဘင်္ဂလီဘက်လိုက် နိုင်ငံများကို-အလိုမရှိ၊ ဘင်္ဂလီဘက်လိုက် UN အဖွဲ့ကို အလိုမရှိဟု ကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
UN အပါအ၀င် နိုင်ငံတကာဖွဲ့အစည်းများအနေဖြင့် စစ်တွေမြို့ခံများတောင်းဆိုထားသည့်အတိုင်း ၇ ရက်အတွင်း တစုံတရာလုပ်ဆောင်မှုမရှိပါက ဥပဒေဘောင်အတွင်းမှ လူထုအားဖြင့်ဆက်လက် တိုက်ပွဲဝင်သွား မည်ဖြစ် ကြောင်းလည်း ဒေါ်ညိုအေးကပြောသည်။
ဒေါ်ညိုအေးက “White card ကိုင်ဆောင်ထားတဲ့ ဘင်္ဂလီတွေကို မဲပေးခွင့်ပေးထားတဲ့အတွက် White card အတုတွေဖောင်း ပွလာတယ်။ တစ်ဘက်က ခိုးဝင်သူတွေများလာတယ်။ ဒါကြောင့် ကျမတို့က White card တွေကို တရားမ၀င်ဘူးလို့ အစိုးရကထုတ်ပြန်ပေးဖို့လည်း ကျမတို့ တောင်းဆိုထားပါတယ်။”ဟု ပြောသည်။
မောင်တောမြို့တွင်လည်း သတင်းမှားများ ထုတ်ပြန်သည့် ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက်သည့် လူထုဆန္ဒထုတ်ဖော် ပြုလုပ်ရန်စီစဉ်ထားသော်လည်း ဒုသမ္မတ ဦးဥာဏ်ထွန်း ခရီးစဉ်နှင့် တိုက်ဆိုင်နေသည့် အတွက် ဆန္ဒထုတ်ဖော်မှုအစီအစဉ်ကို နောက်ဆုတ်လိုက်သည်ဟု သိရသည်။
အလားတူ ဘူးသီးတောင်မြို့တွင်လည်း သတင်းမှားများ ထုတ်ပြန်သည့် ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက်သည့် လူထု ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်အား အစိုးရသဘောထားကို သိရှိရန်ဖုံးအကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုံးမကိုင်သဖြင့် အစိုးရ၏သဘောထားကို မသိရှိခဲ့ပါ။